Radio

bg

Bluetooth နဲ့ ပခုံးခြင်းယှဉ်လာမယ့် နည်းပညာများ


Photo
Bluetooth ဆိုတာ မိုဘိုင်းဖုန်း အချင်းချင်း ချိတ်ဆက်ရာမှာ သုံးတဲ့ ကြိုးမဲ့ ချိတ်ဆက်ရေး နည်းလမ်းတစ်ခုပါ။  ဒီနေ့ခေတ် Mobile handset အားလုံးမှာ စမတ်တာပဲ ဖြစ်ဖြစ်၊ မစမတ်တာပဲ ဖြစ်ဖြစ် Bluetooth ဟာ ကြိုးမဲ့ ဆက်သွယ်ရေး စနစ် ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ သုံးတဲ့ handset တွေထဲက တရုတ် မော်ဒယ်တစ်ခုမှာ Bluetooth လုံးဝ မပါပါခင်ဗျာ။ ဒါမျိုးတွေလည်း ရှိတယ်လို့ handset ဝယ်ရင် ကြိုးမဲ့ဆက်သွယ်ရေး စနစ် အစုံပါမပါ သတိထား မေးမြန်းစစ်ဆေးပြီး၊ ဝယ်ဖို့လည်း လိုပါတယ်။ Bluetooth 2.0 ကို သုံးပါတယ်။ Application တွေ ဝေမျှဖို့၊ သီချင်းတွေ ဝေမျှမို့၊ ဓာတ်ပုံတွေ ဝေမျှဖို့အတွက် သုံးတာပါ။ Bluetooth 2.0 ဟာ ပြောရရင် data လွှဲပြောင်းနှုန်း နိမ့်တယ်။ processor အပေါ် မူတည်ပြီး၊ ပျမ်းမျှအားဖြင့် 125kbps လောက် ရလေ့ ရှိပါတယ်။ ဘက်ထရီပါဝါလည်း အတော်လေး စားပါတယ်။ ဒါကြောင့် ဖိုင်တွေ ဝေမျှပြီးရင် Bluetooth ပိတ်ဖို့ အတော်လေး သတိထားရပါတယ်။
 
Bluetooth 2.0 နဲ့ 3.0 စနစ်တွေမှာ ဘက်ထရီပါဝါ အတော်လေးစားတယ်။ ဒီစနစ်သုံးပြီး device အချင်းချင်း အမြဲတမ်း ချိတ်ဆက်ထားမယ်ဆိုရင် အလွန်ဆုံး သုံးနာရီလောက် ချိတ်ပြီးတာနဲ့ ဘက်ထရီအားကုန်သွားမှာ။ ဒါကြောင့် Bluetooth 4.0 ကို ဆက်ပြီး တီထွင်ပါတယ်။ ဒီ version ကို Bluetooth Smart ဒါမှမဟုတ် Bluetooth Low Energy လို့လည်း ခေါ်ကြပါတယ်။ data လွှဲပြောင်းနှုန်း မြင့်လာပြီး ဘက်ထရီ အစားအဝါး သက်သာလာလို့ ဖြစ်ပါတယ်။ Bluetooth ကြိုးမဲ့ ဆက်သွယ်ရေးစနစ် မပျောက်ကွယ်သွားစေဖို့အတွက် version 4.0 ဟာ အားကိုးလောက်တဲ့ တီထွင်မှုပါ။ အရင်ကဆိုရင် Bluetooth စနစ်ဟာ ဟင်းလင်းပြင်မှာ ပေ ၃၀၀ အကွာအဝေးအထိ မဆက်သွယ်နိုင်ပါဘူး။ ပေ ၃၀ အကွာအဝေးထိတောင် မဆက်သွယ်နိုင်ပါဘူး။
 
Bluetooth ဟာ version 4.0 မှာ ရပ်နေပြီလား။ မရပ်ပါဘူး။ နောက်ဆုံးထွက်တဲ့ Bluetooth က 4.1 ပါ။ ပညာရှင် အသိုင်းအဝိုင်းက သူ့ကို enhanced usability and increased developer flexibility လို့ ပြောကြပါတယ်။ ဒီ version မှာ ထူးထူးခြားခြား တိုးတက်လာတာက host ရယ်လို့ သီးခြားမရှိတော့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖိုင်တွေ data တွေ ဝေမျှတဲ့အခါမှာ ချက်ချင်းပဲ အပြန်အလှန် ဝေမျှနိုင်ကြပါတယ်။  Bluetooth ဟာ device အချင်းချင်း ချိတ်ဆက်ရုံ data တွေ ဝေမျှရုံလောက်ပဲ အသုံးတည့်တာ မဟုတ်ပါဘူး။ ဆိုကြပါစို့။ Bluetooth device တစ်ခုကို မိုဘိုင်းဖုန်းနဲ့ pair လုပ်ထားလိုက်မယ်ဆိုရင် အဲ့ဒီ device နဲ့ မိုဘိုင်းဖုန်း သတ်မှတ်အကွာအဝေး အပြင်ဘက်ရောက်သွားတာနဲ့ တစ်ပြိုင်နက် သတိပေးစနစ်က အသံမြည်မှာ ဖြစ်ပါတယ်။
 
device နှစ်ခုကြား ဆက်သွယ်မှုလမ်းကြောင်းက ပျောက်သွားတာကိုး။ ဒီလိုလုံခြုံရေးစနစ်ကို Laptop ကွန်ပျူတာတွေ မပျောက်ဆုံးစေဖို့ ကာကွယ်ရာမှာ သုံးနိုင်ပါတယ်။ Bluetooth စနစ်အဟောင်းတွေမှာ device တစ်ခုကို ကျန်တဲ့ device တစ်ခုနဲ့ပဲ ဆက်သွယ်နိုင်ခဲ့တယ်။ နောက်ဆုံးထွက် Bluetooth စနစ်မှာ host ဆိုတာ မရှိတော့တဲ့အတွက် device တွေ အများကြီးကြားမှာ အပြန်အလှန် ဆက်သွယ်နိုင်ပါတယ်။ Bluetooth device တစ်ခုဟာ တခြား Bluetooth device ပေါင်းများစွာနဲ့ တစ်ချိန်တည်းမှာ ဆက်သွယ်နိုင်ပါတယ်။ တိုးတက်လာတဲ့ Bluetooth ဆက်သွယ်ရေးစနစ်ဟာ လူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကို ဆထက်ထမ်းပိုး တိုးပြီး အကူအညီပေးပါတယ်။
 
ဥပမာ ဆိုကြပါစို့။ အားကစားဖိနပ်မှာ တပ်ထားတဲ့ Bluetooth စနစ်က ခြေလှမ်းနဲ့ အမြန်နှုန်းကို သတင်းပေးပို့နေချိန်မှာ လက်မှာ ပတ်ထားတဲ့ Bluetooth device က နှလုံးခုန်နှုန်းကို ပြပေးနေပါမယ်။ ဒါကြောင့် လမ်းလျှောက် လေ့ကျင့်ခန်းလုပ်နေတဲ့ လူတစ်ယောက်ဟာ ခြေလှမ်းအရေးအတွက်နဲ့ အမြန်နှုန်းကို နှလုံးခုန်နှုန်းနဲ့အတူ မိုဘိုင်းဖုန်းပေါ်မှာ တစ်ပြိုင်တည်း တွဲပြီး ကြည့်နိုင်ပါမယ်။ Bluetooth 4.0 မှာဆိုရင် အဲဒီ device နှစ်မျိုးက ပေးပို့တဲ့ data တွေကို သီးခြားပေးပို့ပြီး၊ မိုဘိုင်းဖုန်းရဲ့ နေရာနှစ်ခုမှာ သီးခြားမြင်ရပါမယ်။ Bluetooth 4.1 မှာတော့ data တွေကို တစ်ပြိုင်တည်း ပူးတွဲ ပေးပို့နိုင်ပြီး တစ်ခုတည်းသော Interface အနေနဲ့ ပူးပေါင်းပြီးလည်း မြင်နိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ် Bluetooth စနစ်မှာ device တွေဟာ ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်လာပါတယ်။ မိုဘိုင်းဖုန်းစနစ်ကို မှီခိုစရာ၊ ကြားခံလုပ်စရာမလိုဘဲ အချင်းချင်းလည်း ချိတ်ဆက်အလုပ်လုပ်လာနိုင်ပါတယ်။
 
လွန်ခဲ့တဲ့ လေးနှစ်လောက်ကဆိုရင် မိုဘိုင်းနယ်ပယ်မှာ Bluetooth ဟာ ပြိုင်ဖက်မရှိလို့ ဆိုနိုင်ပါတယ်။ Wifi စနစ် ရှိနေပြီဖြစ်ပေမယ့် data တွေ ဖလှယ်ရေးမှာ အများသုံးအဖြစ် လုပ်နည်းလုပ်ဟန် မလွယ်လို့ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာတော့ Bluetooth ရဲ့ အားကောင်းမောင်းသန် ပြိုင်ဖက်တွေ ပေါ်လာပါပြီ။ ပေါ်လာတာကလည်း မရှေးမနှောင်းလို့ ဆိုနိုင်ပါတယ်။ အဲဒီစနစ်တွေက NFC နဲ့ Wifi direct စနစ်တွေ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်တွေပေါ်မှာ Wifi direct စနစ်ကစပြီး ပေါ်လာပါတယ်။ အဲဒီ device တွေ မြန်မာပြည်ထဲကို ရောက်နေပြီး ကျွန်တော်တို့လည်း စပြီးသုံးနေပါပြီ။ NFC လို့ခေါ်တဲ့ Near Field Communication စနစ်ကတော့ Mobile device တွေထဲကို အဝင်နောက်ကျပါတယ်။
 
မြန်မာပြည်ထဲ ရောက်လာတဲ့ အဆင့်မြင့် Mobile device တော်တော်များများမှာ NFC ပါမလာသေးပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ Bluetooth ကို ဆက်ခံသူ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက Bluetooth ထက် သုံးနိုင်တဲ့နေရာတွေ ပိုပြီးများလို့ဖြစ်ပါတယ်။ NFC ကို မိုဘိုင်းငွေချေ စနစ်လို့ပဲ အများစုက နားလည်ထားကြပါတယ်။ ဒီလိုတော့ မဟုတ်ဘူးဗျ။ NFC ကို Access Control ကိစ္စအတွက် သုံးနိုင်တယ်။ Device pairing ကိစ္စအတွက် သုံးနိုင်တယ်။ မိုဘိုင်းငွေပေးချေမှု စနစ်မှာလည်း သုံးနိုင်တယ်။ Smart Poster တွေ လွှင့်ထူရာမှာလည်း သုံးနိုင်ပါတယ်။ အင်မတန် နီးကပ်တဲ့ အကွာအဝေါ် (ခြောက်လက်မထက် ပိုနီးတဲ့အကွာအဝေး) မှာ device အချင်းချင်း ချိတ်ဆက်တဲ့အလုပ်ကို Bluetooth ထက်ပိုပြီး သူက မြန်မြန်ဆန်ဆန် လုပ်နိုင်တယ်။ ပိုပြီး လွယ်လွယ်ကူကူ လုပ်နိုင်တယ်။ Data လွှဲပြောင်းနှုန်းကလည်း အရမ်းကောင်းပါတယ်။
 
ဒါကြောင့် data စုဆောင်းတာ၊ data ဖလှယ်တာ ကျန်းမာရေး စောင့်ရှောက်တာ၊ မူပိုင်ကြေးပေးတာ၊ လျှော့ဈေးကူပွန်တွေ လက်ခံတာ၊ ငွေပေးချေမှုတွေလုပ်တာ၊ ပို့ဆောင်ရေးစနစ်တွေမှာ သုံးတာ၊ Consumer electronic တွေမှာသုံးတာ စသည်ဖြင့် အမျိုးစုံအောင်သုံးဖို့ စဉ်းစားကြပါတယ်။ ဒါပေမယ့် NFC ရဲ့ တိုတောင်းလွန်းလှတဲ့ ဆက်သွယ်ရေးခွင်နဲ့ Bluetooth 4.1 ရဲ့ ရှည်လျားလာတဲ့ ဆက်သွယ်ရေးခွင်တွေကြားမှာ အားသာချက် အားနည်းချက်တွေလည်း ကိုယ်စီရှိနေကြပါတယ်။ device နှစ်ခုကပ်ထားရင် NFC မှာက data တွေကို မြန်မြန်ဆန်ဆန် လွှဲပေးနိုင်ပြီး device နှစ်ခု ကာလကြာရှည် ချိတ်ထားရတဲ့ ကိစ္စမျိုးမှာ Bluetooth 4.1 က ပါဝါအစားနည်းတဲ့အတွက် ပိုပြီးအားကောင်းတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းပညာ နှစ်ခုဟာ တစ်ခုကိုတစ်ခု အပြတ်ရှင်းဖို့ မဖြစ်နိုင်ဘဲ နှစ်လွှာပေါင်းမှ တစ်ရွက်မည်တဲ့ စွယ်တော်ရွက်လို ဖြစ်နိုင်ချေ ရှိနေပါတယ်။
 
NFC ထက်စာရင် Bluetooth ကို ပိုပြီး ခြိမ်းခြောက်တာက Wi Fi direct ပါပဲ။ Wi Fi direct ဆိုရင် Android နဲ့ IOS သမားတွေ သိပ်ပြီးမရင်းနှီးပါဘူး။ Zapya တို့ Xender တို့ကို ပြောကြည့်ပါလား။ ဟာ.... သိပ်သိတာပေါ့လို့ ဖြစ်လာကြလိမ့်မယ်။ Wi Fi direct စနစ်အစစ်မှာ device နှစ်ခုထက်မက အပြန်အလှန် ချိတ်ဆက်နိုင်တယ်။ ဒီနေရာမှာ သူက NFC ထက် အားသာတယ်။ အပြန်အလှန် ချိတ်ဆက်နိုင်တဲ့အတွက် အရင်ကရှိတဲ့ Wi Fi Hostpost တို့ Wi Fi Network တို့ ဆိုတာတွေဟာ သေးသိမ်သလို ဖြစ်သွားပါတယ်။ device တစ်ခုနဲ့တစ်ခု လှမ်းချိတ်နိုင်တဲ့ အကွာအဝေးမှာလည်း Wi Fi direct ဟာ Bluetooth တို့ NFC တို့ထက် အားသာပါတယ်။ ဒီနေ့ Wi Fi ဆက်သွယ်ရေး လုပ်ငန်းခွင်ထဲမှာလုပ်တဲ့ အလုပ်မှန်သမျှကို Wi Fi direct စနစ်ပါတဲ့ ပစ္စည်းအားလုံးက လုပ်နိုင်တယ်။
 
Wi Fi direct စနစ်ပါသည်လို့ ရေးထားတဲ့ device တွေအားလုံးဟာ သတ်မှတ်ထားတဲ့ ခွင်အတွင်းမှာ အချိန်မရွေး နေရာမရွေး ဆက်သွယ်နိုင်ပါတယ်။ ကြိုးမဲ့ဆက်သွယ်ရေးခွင်ထဲမှာ Bluetooth လုပ်သမျှ အလုပ်အားလုံးကို Wi Fi direct က လုပ်နိုင်တယ်။ အကွာအဝေး ပိုပြီးများများ ချိတ်ဆက်နိုင်တယ်။ အကောင်းဆုံး Bluetooth 4.1 မှာ 24 Mbps နဲ့ ဆက်သွယ်နိုင်တဲ့ အချိန်မှာ Wi Fi direct က 250 Mbps လောက်အမြန်နှုန်းနဲ့ ဆက်သွယ်နိုင်ပါတယ်။ Bluetooth 4.1 ရဲ့ အဓိကအားသာချက်က ဘာလဲ။ ပါဝါစား အရမ်းနည်းတာလို့ ပြောနိုင်တယ်။ Wi Fi direct ထက် ပါဝါစားနှုန်း ငါးဆမက သက်သာနေတယ်။ ဒါကြောင့် Wi Fi direct ဟာ ပါဝါစားနှုန်း အရမ်းသက်သာအောင် လုပ်နိုင်လာတဲ့တစ်နေ့မှာ Bluetooth ကို ဖယ်ထုတ်နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ NFC, WiFi direct နဲ့ Bluetooth ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွေဟာ အားသာချက် အားနည်းချက်ကိုယ်စီနဲ့ အတူယှဉ်တွဲ ရပ်တည်နေကြပါလိမ့်မယ်။



by moblileguidejournal
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment