ဟဲလို…. ဟဲလို…. ပြောနေသံကြားလို့ ကျွန်တော် လှည့်ကြည့်မိပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က ၊ ရန်ကုန် အဝေးပြေး ကားဂိတ်မှာပါ။ ကျွန်တော့်မျက်စိမှာ အတော်ကို ကြည့်ရဆိုးတဲ့ အရွယ်အစား ဖုန်းတစ်လုံးကိုသုံးပြီး ထိုသူက ဟဲလို …. ဟဲလို လုပ်နေခဲ့တာပါ။ အံ့သြတဲ့ ကျွန်တော်စိတ်ကို ကျွန်တော် မထိန်းနိုင်တာကြောင့် သေချာအောင် ကျွန်တော် ပြန်ကြည့်မိပါတယ်။ ဖုန်းလား ၊ tablet ကို SIM ကဒ် ထည့်ပြီး အသုံးပြုတာလား မသိပေမဲ့ ကျွန်တော့် မျက်စိ ထဲမှာ တော်တော်ကို ကသောင်းကနင်းနိုင်တဲ့ အရွယ်အစားလို့ ကျွန်တော် မြင်မိပါတယ်။ ဒါ လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်တော်ပါ။
အခု ၂၀၁၃ ခုနှစ် မတ်လကုန်လို့ဧပြီ အချိန် ကျွန်တော် ဖြစ်လာတဲ့အခါ၊ လက်ရှိ သုံးနေတဲ့ မိုဘိုင်းဖုန်းလေးများ လဲချိန်တန်လာရင် screen ဆိုဒ်ကြီးကြီး ဖုန်းလေး လဲကိုင်ရင် ကောင်းမလား ၊ စဉ်းစား လာပြန်ပါတယ်။ လူ့အလို နတ်မလိုက်နိုင်တာပဲလား မပြောတတ်ပါ။ သေချာတာကတော့ ရေစီးကြောင်း ထဲမှာ ကျွန်တော်မျောနေမိပါပြီ။ ပြောင်းလဲလာတဲ့ အချိန်တိုအတွင်း ၊ ပြောင်းလဲလာတဲ့ လိုအပ်ချက် တွေနဲ့ အညီ screen အရွယ်အစား ကြီးမားတဲ့ ဖုန်းတွေ ခေတ်စားလာပြန်ပါတယ်လို့ ကျွန်တော် သတိထားကြည့်မိပါတယ်။
တချိန်တုန်းက ဖုန်းဆိုရင်လည်း သေးမှ ၊ ခေါက်လို့ ရမှ … စသည်ဖြင့် စတိုင်လေးတွေနဲ့ ကိုင်လာခဲ့ကြပြီး အခုအခါကျပြန်တော့ တော်ရုံ မိန်းကလေးတွေတောင် လက်ထဲမှာ ဖုန်းအကြီးကြီးတွေ ကိုင်လာ ကြပြန်ပါတယ်။ ဖုန်းတွေက ကြီးလွန်းတာကြောင့် မိန်းကလေးတွေ ဖုန်းအတွက် သီးသန့် လွယ်အိတ် ကလေး တွေနဲ့ စတိုင် ထုတ်လာကြတာလည်း တွေ့ရပြန်ပါတယ်။
လွန်ခဲတဲ့ ၁ နှစ် အချိန်လောက်ပဲရှိမယ် ထင်ပါတယ်။ screen အရွယ်အစား ၅ လက်မ ရှိတဲ့ Steak ဖုန်းကို Dell က မိတ်ဆက်ခဲ့ပါတယ်။ သူ့ခမျာ ကောင်းကောင်းကို လှောင်ခံခဲ့ရတာပါ။ ဒီလောက်ကြီးတာကို ဖုန်းလို့ ခေါ်မလား ၊ သုံးတဲ့လူ ရှိပါ့မလား စသဖြင့် ပြောဆိုခဲ့ကြတဲ့ သူတွေဟာ ၊ ဟော ၂၀၁၃ ခုနှစ် screen အရွယ်အစား ၅ လက်မ ရှိတဲ့ Samsung Galaxy S4 လို့ ပြောတဲ့ အချိန်ကျပြန်တော့ လက်ခုပ်လက်ဝါးတီး အားပေးကြပြီး ချီးမွန်းလိုက်တာများ ၊ အင်တာနက်မှာ မိုးမွန် နေခဲ့ပါတယ်။ ကျွန်တော် ခုဏက ပြောခဲ့သလို ၊ လူ့စိတ်ကပဲ နတ်မလိုက် နိုင်လွန်းတာလား ၊ ရေစီးကြောင်းကပဲ အပြောင်းအလဲ မြန်လွန်းတာလား မပြောတတ်ပါ ၊ သေချာတာကတော့ Samsung က အချိန်မှန် ၊ အံ့ကိုက် လှုပ်ရှား နိုင်တာတော့ အသေအချာပါ။
CNN သတင်းဌာနက သတင်းထောက် တစ်ဦးကတော့ ဒီလိုမျိုး ဆောင်းပါး တစ်ပုဒ် ရေးဖူးပါတယ်။ သူက Android အနေနဲ့ iOS ကို ယှဉ်နိုင်တာ သိပ်မရှိသေးပါဘူး။ စနစ်ပိုင်း တည်ငြိမ်တာ ၊ အဆင့်မြင့်တာ စသဖြင့် iOS က သာမြဲပါ။ ဒီလို နေရာမှာ Android ကို အခြေပြုထားတဲ့ ဖုန်းတွေ အနေနဲ့ iPhone မှာ ရှိနေတဲ့ အသုံးပြုသူတွေရဲ့ အာရုံကို ဖမ်းစား နိုင်ဖို့ iPhone မှာ မရှိတဲ့ အချက်တွေကိုအသုံးပြုတဲ့အခါမှာ screen အရွယ်အစားက အဓိကကျလာပါတယ်။ ဒီလို iPhone ထက် ပိုကြီးတဲ့ screen ကို အသုံးပြုပြီး ထိုးဖောက်ရာကနေ အခုအချိန်မှာ Apple ကိုယ်တိုင်ကပါ ရေစီးကြောင်းနဲ့ လိုက်မှီအောင် သူတို့ရဲ့ screen အရွယ်အစားကို မြင့်တင်ရမဲ့ ပုံဖြစ်နေပြန်ပါပြီလို့ ရေးသားထားပါတယ်။ အမှန်တော့ ဖုန်းတစ်လုံးရဲ့ အရွယ် အစားနဲ့ ပတ်သက်လို့ Apple က စဉ်းစားပုံက မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ Apple ရဲ့ Tim Cook ပြောကြားခဲ့တာကတော့ ဖုန်းတစ်လုံးဟာ လက်တစ်ဖက်တည်းနဲ့ ကိုင်သုံးနိုင်ဖို့ တီထွင်ထားတာပါ။ screen ဟာ လက်တဖက်တည်းနဲ့ကိုင်သုံးနိုင်တဲ့ အရွယ် အစားထဲမှာပဲ ရှိနေသင့်ပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့ ဒီလို အရွယ်အစားကို ထုတ်လုပ်တာပါလို့ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ အပြင်လောက ပြိုင်ဆိုင်မှုမှာတော့ ကြီးသထက် ကြီးတဲ့ screen အရွယ်အစားတွေဖြစ်လို့ နေပါပြီ။ ကျွန်တော်ထင်ပါတယ်၊ မိုဘိုင်းဖုန်း အသုံးပြုသူတွေ နှခေါင်းရှုံ့လာတဲ့ အချိန်ကျမှ တိုးတိုးလာတဲ့ အရွယ်အစားကို ရပ်မယ်ထင်ပါတယ်။ ဒီလိုပြီးရင် ပြန်ပြန်သေးလာတဲ့ screen အရွယ်အစားတွေ ခေတ်စား လာဦးလေမလား …. ၊ ဒါလည်းပဲ ရေစီးကြောင်းပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါမှမဟုတ် တကယ်ပဲ နတ်မလိုက် နိုင်တဲ့ လူစိတ်တွေများလား…
soruce-thu lay
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
No comments:
Post a Comment