Radio

bg

Tablet ၏ လူသိနည်းသော အသုံးဝင်မှုများ




သွားလေရာပါပြီး ပေါ့ပေါ့ပါးပါးနဲ့ ကွန်ပျူတာတစ်လုံးလောက်နီးနီး အသုံးဝင်တဲ့ Tablet ကို လူတိုင်း သဘောကျပါတယ်။  မိုဘိုင်းဖုန်းထက် အရွယ်နည်းနည်းကြီးတော့ စာဖတ်ရတာ မျက်လုံးသသက်သာတယ်။ အင်တာနက်ကြည့်ရတာ ပိုကောင်းတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုကြည့်ရတာလည်း အရာသာပိုရှိတယ်။ Quadcore tablet ဆိုရင် ဂိမ်းဆော့ရတာ ပိုကောင်းတယ်။ ပြီးတော့ Tablet အများစုက အတွင်း memory (8-16)GB အနည်းဆုံးပါတဲ့အတွက် Application တွေ ဂိမ်းတွေ ထည့်ပါလေ့။ ဒီအခွင့်အရေးက တန်ဖိုးကြီးအဆင့်မြင့် မိုဘိုင်းဖုန်းတွေမှာပဲ ရတာမဟုတ်လား။

ဒါဖြင့် Tablet က ဂိမ်းဆော့ရုံ၊ သီချင်းနားထောင်ရုံ၊ စာဖတ်ရုံ (အဆင့်နည်းနည်းမြင့်တဲ့ Tablet က အင်တာနက်သုံးရုံ) လောက်ပဲ အသုံးတည့်သလား။ မဟုတ်ရပေါင်ခင်ဗျာ။ Sim card ထည့်လို့ရတဲ့ ဖုန်းတွေ ဖုန်းဆက်လို့ရတယ်။ Excel သုံးရတဲ့ စာရင်းဇယားတွေကို အရွယ်သိပ်မကြီးရင် ပေါ့ပေါ့ပါးပါး သုံးလို့ရပါတယ်။ တော်ရုံရုံးစာ၊ ဆောင်းပါး၊ သင်ခန်းစာပို့ချချက်တွေကို ရိုက်ထည့်ပြီး သိမ်းလို့ရပါတယ်။ တော်တော်လေး သုံးပျော်တဲ့ ဂဏန်းပေါင်းစက် သုံးနိုင်ပါတယ်။ GPS တွဲထားရင် မြေပုံကြည့်တဲ့ လုပ်ငန်းစဉ် လုပ်နိုင်ပါတယ်။

ဆော့ဖ်ဝဲထည့်ထားမယ်ဆိုရင် မကြာခဏ လိုအပ်လေ့ရှိတဲ့ unit conversion (လီတာနဲ့ ဂါလံ အဆက်အစပ်လိုဟာမျိုး) တွေ တွက်လို့ရပါတယ်။ အဘိဓာန်ပေါင်းစုံ တစ်ပြိုင်တည်း ထည့်ထားနိုင်တဲ့အတွက် စာရေးဆရာတွေ သုတေသနသမားတွေအတွက် အလွန်အသုံးတည့်ပါတယ်။ စာအုပ်တွေ ရာဂဏန်းလောက် ထည့်နိုင်တာမို့ Tablet ဟာ ကျွန်တော့ကိုးကားစာကြည့်တိုက်ကြီးလည်း ဖြစ်ပါတယ်။ ဒီလောက်ပဲလား၊ မဟုတ်ပါခင်ဗျာ။ ကျွန်တော်တို့မသိသေးတဲ့ Tablet ရဲ့ အသုံးဝင်မှုတွေကို ဒီလိုလည်း တွေ့နိုင်ပါသေးတယ်။

Tablet ကို ကျန်းမာရေး အထောက်အကူပြု ပစ္စည်းအဖြစ် သုံးနိုင်တယ်

ကျန်းမာရေး အထောက်အကူပြု Application တွေဟာ Android စနစ်မှာရော iOS စနစ်မှာပါ အတော်များများ ထွက်နေပါပြီ။ တချို့ application တွေက လုံးလုံးလျားလျား အခမဲ့၊ တချို့က တစ်ဝက်တစ်ပျက် အခမဲ့၊ တချို့က အွန်လိုင်းမှာ data သိုလှောင်မှုအတွက် ပိုက်ဆံယူပါတယ်။ ပိုက်ဆံယူတယ်ဆိုတာတောင် အများအစားကြီးတော့ မဟုတ်ဘူး။ တစ်လမှာ ငါးဒေါ်လာ၊ ခြောက်ဒေါ်လာလောက်။ ဒေါ်လာကိုင်တွယ် သုံးခွင့်ရှိမယ်။ အွန်လိုင်းငွေစနစ်တွေ လက်တွေ့ကျလာမယ်ဆိုရင် ဒါတွေဟာ လက်တွေ့ ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အထောက်အကူပြုတဲ့ နေရာမှာ iPad က တစ်ပန်းသာနေပါတယ်။ iPad ကို ဖွင့်လိုက်ပါ။ ပြီးရင် သူနဲ့ မျက်နှာချင်းဆိုင်မှာ တည့်တည့်တန်းတန်း ငြိမ်ငြိမ်လေး ခဏထိုင်ပါ။ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းကို iPad က မှတ်တမ်းတင်ပေးပါလိမ့်မယ်။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့။ ဟုတ်ရုံတင် ဘယ်ကမလဲ။ ဒါ့ထက်တောင် ပိုသေး။ Philip ကုမ္ပဏီကနေပြီး Vital sign camera ဆိုတဲ့ ဆော့လ်ဝဲကို သွင်းပေးပါတယ်။ သူက iPad ရဲ့ font facing camera ကို သုံးပြီး အလုပ်လုပ်ပါတယ်။

iPad 2 နဲ့အထက် ပစ္စည်းတွေမှာ ဒီပစ္စည်းတွေကို သုံးနိုင်ပါတယ်။ နှလုံးခုန်နှုန်းတင် မကပါဘူး။ အသက်ရှူနှုန်းကိုပါ တိုင်းတာပေးပါတယ်။ အင်မတန်သိသာတဲ့ မျက်နှာပေါ်က အရောင်းပြောင်းလဲမှုကို ခြေရာခံပြီး အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးတာ ဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက်အောင်လည်း အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်ဆေးကုသမှုတွေမှာ သုံးတဲ့ professional heart monitor တွေ နေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ philip က သတိပေးထားပါတယ်။

ဖတ်ယူလို့ရတဲ့ ရလဒ်ကို Chart တွေနဲ့ ပြပါတယ်။ လက်တွေ့လောကမှာ တိုင်းတာကြည့်တော့ လူတွေရဲ့ နှလုံးခုန်နှုန်းဟာ အချိန်မီပြီးစီးအောင် ပေးရမယ့်အလုပ်တွေ လက်ခံထားတဲ့အခါမှာ ပိုပြီးမြန်တယ်ဆိုတာ တွေ့ရပါတယ်။ ဖတ်ယူလို့ရတဲ့ data ကို လူမှုကွန်ရက်တွေကတစ်ဆင့် မျှဝေလို့ရပါတယ်။ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်တဲ့ ဆရာဝန်ဟာ Twitter သုံးလေ့ရှိတယ်ဆိုရင် ပိုပြီး အသုံးတည့်ပါတယ်။ သွေးပေါင်ချိန်တိုင်းတဲ့ application တွေ ဆီးချိုသမားတွေအတွက် သွေး၊ သကြားရေချိန်တိုင်းတဲ့ application တွေကို App store နဲ့ Google play store တွေမှာ ရနိုင်ပါတယ်။ ကာလသားရောဂါ စစ်ဆေးတဲ့ application တွေ ဆက်ပြီး တီထွင်နေပါတယ်။

ဆွံ့အတဲ့ ကလေးတွေ အသံထွက်အောင် Tablet က ကူညီနိုင်တယ်။

အီးမေးလ်၊ အင်တာနက်နဲ့ video conferencing တွေဟာ တက်ဘလက်နဲ့ သုံးမယ်ဆိုရင် အလွယ်တကူ ဆွဲသုံးနိုင်တဲ့ စနစ်တွေပါ။ စကားမပြောနိုင်တဲ့ သူတွေအတွေက် ပိုပြီးတောင် အသုံးတည့်ပါတယ်။ speak for yourself ဆိုတဲ့ application မျိုးကြတော့ Autism ဝေဒနာ ခံစားနေရတဲ့ ကလေးတွ သင်ယူမှု အခက်အခဲရှိတဲ့ ကလေးတွေအတွက် အသုံးတည့်ပါတယ်။ Tablet ထဲက အဲဒီဆော့ဖ်ဝဲကို သုံးပြီး မိဘတွေ၊ ဆရာတွေ စောင့်ရှောက်မှုပေးသူတွေနဲ့ အဆက်အသွယ် လုပ်လို့ ရစေပါတယ်။

Application Screen မှာ အက္ခရာတွေ စာလုံးတွေကို ကိုယ်စားပြုတဲ့ မှန်ကူကွက် (Tile) တွေ အပြည့်ထည့်ပေးထားပါတယ်။ အဲဒီအက္ခရာတွေ စာလုံးတွေကို တွဲဆက်ပြီး ဝါကျတစ်ကြောင်း ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ အရမ်းအသုံးတည့်ပေမယ့် ဈေးတော့ မပေါပါဘူး။ သူ့တန်ဖိုးချည်း သက်သက်ဟာ အင်တာနက်ချိတ်နိုင်တဲ့ အလယ်အလတ်အဆင့် Tablet တစ်လုံးဖိုးလောက် ရှိနေပါတယ်။ hardware နဲ့ အသံထွက်တဲ့ စနစ်အပြင် ရွေးချယ်စရာ တစ်ခု ဖြစ်ပြီး Apple ရဲ့ application store မှာပဲ ဝယ်ယူနိုင်ပါတယ်။

Tablet က hi-fi system ကို တုပနိုင်တယ်

Mp3 player နဲ့ iPod တွေ ပေါ်လာတဲ့အခါမှာ portable CD player နဲ့ DVD player တွေ တစ်စခန်း ရပ်သလောက် ဖြစ်သွားပါတယ်။ spotify ကနေပြီး Steaming နည်းနဲ့ သီချင်းနားထောင်နိုင်တယ်။ ဒါပေမဲ့ ဧည့်ခန်းထဲမှာ အမြိုင့်သားချထားတဲ့ hi-fi system က ထွက်လာတဲ့ အသံများလောက်တော့ နားထောင်လို့ မကောင်းနိုင်ပါဘူး။

Altec Lansing လို dock ထည့်ထားတဲ့ အဆင့်မြင့် speaker ပေါ်မှာ Tablet ကို တင်ပါ။ Beat Blaster application ကို full screen ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ဖွင့်ချင်တဲ့ သီချင်းကို Tablet မှာ ဖွင့်လိုက်ပါ။ mini hi-fi system က ထွက်တဲ့ သီချင်းတွေ၊ iTune နဲ့ ဝယ်ထားတဲ့ သီချင်းတွေကို faux CD cases ထဲကို ပို့ပြီး စုစည်းပါ။

Retro mode ကို ကောင်းကောင်း မမြင်ရရင် Turntable view ကို ပြောင်းပါ။ ဆော့ဖ်ဝဲက ဓါတ်ပြားဖွင့်စက်ကို အလုပ်လုပ်ပေးတာပါ။ သူ့ထဲမှာ ဓာတ်ပြားရဲ့ လည်နှုန်းကို ထိန်းပေးတဲ့ စနစ်ပါတယ်။ ဓာတ်ပြားကို ထောက်တဲ့ အပ်ပုံကိုလည်း မြင်နေရပါတယ်။ ဗီနိုင်းဓာတ်ပြားပေါ်မှာ အပ်အစ်မထောက်ရဘဲ အသံကောင်းလှတဲ့ သီချင်းတွေကို နားဖင်နိုင်ပါလိမ့်မယ်။ ဆန္ဒရှိရင် volume နဲ့ Equlizer ခလုတ်တွေကတစ်ဆင့် ချိန်ညှိနိုင်ပါသေးတယ်။

Tablet ဖြင့် Application Program များ ရေးနိုင်သည်

Tablet ဟာ ကွန်ပျူတာ အစစ်မဟုတ်လို့ အဲဒီအထဲမှာ Program code တွေ မရေးနိုင်ဘူးလို့ ဆိုသူတို့က ဆိုပါတယ်။ တခြား Tablet တွေမှာတော့ မပြောတတ်ဘူး။ iPad မှာတော့ Program code တွေ ရေးနိုင်တယ်။ Textastic နဲ့ koder လို ဆော့ဖ်ဝဲမျိုးတွေမှာ browser မှာလိုပဲ Tab Style Windows တွေ ပါပါတယ်။ ဒါောကာင့် project တွေကို အပြိုင်ကိုင်တွယ်နိုင်တယ်။ ဘာသာ စကားပေါင်း (၈၀) ကျော်နဲ့ Syntax တွေ အထောက်အပံ့ ပေးတယ်။ C++ နဲ့ XML code တွေ ကောင်းကောင်း ရေးနိုင်တယ်။ ဖိုင်အရွယ်အကြီးကြီးတွေအတွက် FTP အထောက်အပံ့ပေးထားသလို Dropbox ထဲ တင်ဖို့လည်း အဆင်သင့် လုပ်ပေးထားပါတယ်။ Compile မလုပ်နိုင်တာမို့ desktop PC ကြီးတွေလို Program တစ်ခုကို အပြီးသတ် အဆင့်ထိ ဆောင်ရွက်မပေးနိုင်ပေမယ့် Web developer တွေမျာ program code အသေးစား ပြင်ဆင်တည်းဖြတ် လိုသူတွေအတွက် အလုပ်တော့ ဖြစ်ပါတယ်။

နောင်စိုး (ထားဝယ်)
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment