မြန်မာ့တူရိယာ
ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံကြား တွင် ကြီးပြင်းခဲ့ရပြီး ဆိုင်းသံကြားလျှင်
ကချင်သူ၊ အင်ဂျင်နီယာတစ်ဦး ဖြစ်နိုင်သည့် အခွင့်အလမ်းကို
ငွေကြေးအခက်အခဲကြောင့် စွန့်လွှတ်ခဲ့ရသော်လည်း နိုင်ငံကျော်အနုပညာရှင်
ဖြစ်လာသူ၊ ဇာတ်ခုံပေါ်တွင် LED Screen ကို စတင်သုံးစွဲ၍ ဇာတ်ခုံအပြင်အဆင်
ခေတ်မီအောင် လုပ်ဆောင်ခဲ့သူ၊ ဇာတ်သဘင်သမားများ နားခိုနိုင် ၍
အနုပညာအလုပ်များ လုပ်ဆောင်နိုင်ရန် သဘင်ခြံ တစ်ခု အကောင်အထည်ဖော်နေသူမှာ
မြို့ရွှေမန်းသား ဖိုးချစ် ဖြစ်သည်။
ဆိုင်းသံကြားရင် “က” ချင်သူ
သူ၏ဇာတိက
ရွှေဘိုခရိုင် ကန့်ဘလူမြို့။ မွေးချင်း မောင်နှမ ခြောက်ယောက်တွင်
အငယ်ဆုံးသား ဖြစ်သည်။ ဖခင်ဖြစ်သူက မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးမှ
ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူက ကန့်ဘလူ ဘူတာ နှင့်
မူလတန်းကျောင်းများတွင် ဈေးရောင်းခဲ့ရသည်ဟု သူက ပြောပြသည်။
သူငယ်တန်းမှ
နဝမတန်းအထိ ကန့်ဘလူ အ.ထ.က (၃) တွင် ပညာသင်ကြားခဲ့ပြီး ဒသမတန်း တွင် မန္တလေး
အ.ထ.က (၁၄) သို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့သည်။
ဖခင်ဖြစ်သူမှာ
မြန်မာ့သစ်ထုတ်လုပ်ရေးမှ ဖွဲ့စည်းထားသော ကျွန်းရွှေဝါ တေးဂီတဝိုင်းတွင်
ဆိုင်း ဆရာ ဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံ၊
နှဲသံများကြားတွင် ကြီးပြင်းခဲ့ရသည်ဟု သူကပြောပြသည်။ သူလေးနှစ်ခွဲအရွယ်
ကျောင်းစ မတက်ခင်အချိန်ကတည်းက သစ်ထုတ်လုပ်ရေးပိုင် ကားကြီးများပေါ်တွင်
သစ်သားပြားများခင်း၍ လုပ်ထား သောစင်ပေါ်တွင် သင်္ကြန်ပွဲ၊ ကထိန်ပွဲများတွင်
ကခဲ့သလို၊ နဝမတန်း ရောက်သည်အထိ ဖခင်ဖြစ်သူ ဆိုင်းနှင့် အလှူ
မင်္ဂလာပွဲများတွင် လိုက်လံကပြရင်း စာမေးပွဲဖြေခဲ့ရ သည်ဟု သူကဆိုသည်။
ငယ်စဉ်ကတည်းက
ဆိုင်းသံကြားလျှင် ကချင်သည်မှာ မိမိဝါသနာဗီဇကြောင့် ဖြစ်သလို ဆိုင်းဆရာ
အဖေနှင့် အိမ်ထောင်မကျခင် အချိန်က ရပ်ကွက်ပွဲများ တွင် အမြဲလိုလို
ပါဝင်ကခဲ့သော အမေဖြစ်သူတို့၏ အနုပညာပိုးကူးစက်ခြင်းကြောင့်လည်း
ဖြစ်နိုင်သည်ဟု သူကဆိုသည်။
ရွှေတံဆိပ်ဆုများရှင်
ဆိုင်းသံ၊
ဗုံသံကြားလျှင် မြေကြီးပေါ်မှာဖြစ်စေ၊ ခုံပေါ်မှာဖြစ်စေ၊ လှည်းပေါ်မှာဖြစ်စေ
နေရာမရွေး ကလေ့ရှိသောသူက ကျောင်းကပွဲများတွင်လည်း မလွတ်တမ်း
ဆင်နွှဲလေ့ရှိသည်။ ခြောက်တန်း ကျောင်းသား အရွယ်ကတည်းက နိုင်ငံတော်မှ
ကျင်းပသော ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၍ နှစ်စဉ်
ယှဉ်ပြိုင်ခဲ့ရာ အကပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် နှစ်ခု
ရရှိခဲ့သလို အိုးစည်နှင့် ဒိုးပတ်အတီး ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခု၊
ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ကို ရရှိခဲ့သူဖြစ်သည်။
ဇာတ်သဘင် နယ်သို့အဝင်
မန္တလေးတွင်
ဆယ်တန်း အောင်မြင်ပြီးနောက် အင်ဂျင်နီယာတစ်ယောက် ဖြစ်လိုသည့်အတွက် နည်းပညာ
တက္ကသိုလ်တက်ရောက်ခွင့်ရရန် ဝင်ခွင့်ဖြေသောအခါ ဝါးခယ်မတွင် သူတက်ရောက်ခွင့်
ရခဲ့သည်။ သူ့ကို ချစ်ခင်သော ဆရာမ ဒေါ်ခင်မာချိုက အိမ်တွင် နေခွင့် ပေးသလို
လိုအပ်သော အကူအညီများပေးသော် လည်း နည်းပညာတက္ကသိုလ်ကို ခဏသာတက်ရောက်ပြီး
မန္တလေးသို့ သူပြန်လာခဲ့သည်။ နည်းပညာကျောင်းသားတစ်ယောက် အတွက်
တစ်လကုန်ကျစရိတ်ဖြစ် သော ငွေကျပ် ၅၀၀၀ ရှိလျှင် အင်ဂျင်နီယာ
ဖြစ်နိုင်သော်လည်း ထိုငွေပမာဏကို မတတ်နိုင်၍ သူဖြစ်ချင်သော
အင်ဂျင်နီယာဘဝကို စွန့်လွှတ်ခဲ့ရသည်ဟု သူက ပြောပြသည်။
နည်းပညာတက္ကသိုလ်
မှနေ၍ ရတနာပုံတက္ကသိုလ် တွင် သင်္ချာမေဂျာဖြင့် သူအဝေးသင်တက်ရောက် ခဲ့သည်။
ရတနာပုံတက္ကသိုလ်တွင် စတင်တက်ရောက် နေဆဲအချိန်တွင်ပင် မန္တလေးမြို့ရှိ
မွေးစားမိဘများ၏ အဆက်အသွယ်ဖြင့် ရွှေမန်းသူအငြိမ့်တွင် ယိမ်းမင်းသား
လေးအဖြစ် သူကပြခဲ့သည်။ ဇာတ်သဘင်လောကသို့ စတင်ဝင်ရောက်စဉ် ကြုံခဲ့ရသော
အခက်အခဲများကို သူက အခုလို ပြောပြသည်။ "အခက်အခဲကတော့ အဲဒီ အချိန်တုန်းက
ကက်ဆက်ခေတ် ဖြစ်ပေမယ့် ကျွန်တော့်မှာ သီချင်းနားထောင်ဖို့ ကက်ဆက်မရှိဘူး။
စတိတ်ရှိုးဆိုဖို့ ရှူးဖိနပ်မရှိဘူး။ မင်းသားအဝတ်အစား ကလည်း တစ်ထည်ပဲရှိတယ်။
ချွေးစိုရင် လှန်းထားပေါ့။ လှန်းထား တဲ့အခါမှာလည်း ကြိုးလေးနဲ့ ချည်ပြီး
စောင့်နေရတယ်။ ပျောက်သွားရင် ညကျ ဝတ်စရာမရှိဘူးလေ။ ကိုယ့် အဝတ်အစားကို
ကိုယ်လျှော်တယ်။ ညကြေးရှင်းတဲ့ နေရာမှာလည်း ဝင်ကူတယ်။ အောက်ခြေသိမ်း
ဝင်လုပ် ပေးရတယ်"
မြို့ရွှေမန်းသား ဖိုးချစ်သဘင်
ရွှေမန်းသူအငြိမ့်တွင်
သုံးနှစ်လောက် ကပြီးသော အခါ သူနာမည်ရလာပြီး သူ့ကိုတည်၍ ကလာသော အချိန်တွင်
ရွှေမန်းသူဆိုသည့် အမည်မှာ မိန်းမဆန်သည့် အတွက် ရွှေမန်းသားဟု ပြောင်းခဲ့ကာ
နောက်ပိုင်းတွင် မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ အကအလှသဘင် အမည် ဖြင့်
သူဦးဆောင်၍ ကခဲ့သည်။ နာမည်မရခင် အချိန်တွင် ပရိသတ်များ၏ ခဲနှင့်ထုခြင်း၊
ဆဲဆိုခြင်းများကို သူခံခဲ့ရ သည်။ ထိုစဉ်က သူ၏ညကြေးမှာ တစ်ရက်ကို ၁၅၀၊ တစ်လ
လျှင် ၈၀၀၀ လောက်သာရခဲ့သည်ဟု သူကပြော ပြသည်။
အောင်မြင်မှုမရခင်
ကြိုးစားဆဲကာလတွင် ပရိသတ်သိသည့် ရုပ်ရှင်အနုပညာရှင်များ၏ အကူအညီ ကို
ယူ၍လည်း သူကြိုးစားခဲ့ရဖူးသည်။ "အဲဒီတုန်းက ပဲခူးဘုရားပွဲ စကတော့ ကိုယ့်ကို
ဘယ်သူမှ မသိသေးဘူး ဆိုတော့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ကိုသီဟတင်စိုး၊
ကိုရဲအောင်၊ ဦးအောင်ခိုင်တို့ကို ဖိတ်ခေါ်ပြီး ကရတယ်။ ပရိသတ်က သူတို့ကို
ကြည့်ချင်လို့လာတာ ဆိုတော့ သူတို့အလှည့်ပြီးသွားရင် ဇာတ်ရုံထဲမှာ လူ ၂၀၊ ၃၀
လောက်ပဲ ကျန်တော့တယ်။ ကိုယ့်ကိုလည်း နောက်ရက် ကျတော့ ခိုင်းတာပေါ့။
အစ်ကိုတို့ပြန်သွားရင် ရုံထဲမှာ လူမရှိတော့လို့ ကျွန်တော်ရှေ့က ကပါရစေလို့
ပြောပြီး အကူအညီတောင်းတော့ သူတို့လည်း ကူညီပေးပါတယ်။
နောက်နှစ်ရက်လောက်နေတော့ ပရိသတ်ကလည်း ကိုယ့်ရဲ့ ကြိုးစားမှုကိုကြည့်ပြီး ကရုဏာ သက်သွားဟန် တူပါတယ်။ မအော်ကြတော့ဘူး" ဟု သူကပြောပြသည်။
ဝါသနာအရ
ဇာတ်သဘင်လောကသို့ စတင် ဝင်ရောက်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ပရိသတ်များ၊
ဇာတ်သူဇာတ်သားများအပေါ် သံယောဇဉ်တွယ်ရင်း လုပ်ငန်းအပေါ် ချစ်သွားခဲ့သည်ဟု
သူကဆိုသည်။ သူဇာတ်မင်းသား စဖြစ်သောအချိန်တွင် ဇာတ်သဘင် လောကအခြေအနေမှာ
ခေတ်မကောင်းသော်လည်း ကိုယ်ရွေးချယ်လိုက်သော အလုပ်တစ်ခုအပေါ် အကောင်းဆုံး
ဖြစ်ချင်သောစိတ်ဖြင့် သူကြိုးစားခဲ့သည်။
မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားတွင် ရိုက်ကူးခဲ့သော နှစ်ပါးသွားအစီအစဉ်နှင့် သရုပ်ဆောင်
ရတနာခင်၊ မိုးပြည့်ပြည့်မောင်တို့နှင့် ရိုက်ကူးခဲ့သော အကခုနစ်ဖြာ အနုပညာ
နှစ်ပါးသွားခွေ များကြောင့် သူပိုမိုအောင်မြင် လာခဲ့ပြီး ပြက္ခဒိန်၊
တီဗီကြော်ငြာများ ရိုက်ခဲ့ရသည်။
အောင်မြင်လာသောသူ့ကို
ဗီဒီယိုထုတ်လုပ်သူများက စာချုပ်ချုပ်ဆို၍ ရိုက်ကူးရန် ကမ်းလှမ်းကြသော်လည်း
လက်မခံခဲ့ဘဲ အစ်ကိုဖြစ်သူ တည်ထောင်ထားသော ကုမ္ပဏီနှင့်သာ ပရိသတ်အတွက်
ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ကားများကို သူရိုက်ကူးခဲ့သည်။ နောင်တွင်လည်း
ပရိသတ်အတွက် ဗီဒီယိုဇာတ်ကားများ အလျဉ်းသင့် သလို
ရိုက်ကူးသွားမည်ဖြစ်သော်လည်း ဗီဒီယိုပဲရိုက်ပြီး လုံးဝဇာတ်မကဘဲ
နေဖြစ်မည်မဟုတ်ဟု သူကဆိုသည်။
LED သုံး ပထမဆုံးသဘင်
မြန်မာနိုင်ငံတွင်
ယခင်က သဘင်၊ ရုပ်ရှင်၊ ဂီတ ဟူ၍ သဘင်က ထိပ်ဆုံးမှရှိသော်လည်း ယခုအခါ
စာနယ်ဇင်းများတွင် ရေးသားကြသောအခါ ရုပ်ရှင်၊ ဂီတ၊ သဘင်ဆိုပြီး သဘင်က
နောက်ဆုံး ရောက်သွားသည့်အတွက် ဝမ်းနည်းရသည်ဟု သူကဆိုသည်။
စတင်သန္ဓေတည်ခဲ့သော
အနုပညာသက်တမ်း၊ အနုပညာ၏ အစဉ်အလာနှင့် ဝါသမ္ဘာအရလည်း ရှေ့ဆုံး ကရှိပြီး
ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအရှိဆုံး သဘင်က
နောက်ဆုံးရောက်နေရခြင်းမှာ နည်းပညာပိုင်း နောက်ကျမှုကြောင့် ဖြစ်သည်ဟု
သူတွေးမိခဲ့သည်။ သူ၏အမြင် မှားကောင်းမှားနိုင်သည်ဟု သူကဆိုသည်။
ဇာတ်ခုံပေါ်တွင်
LED Screen ကို ဇာတ်သဘင် လောက၌ သူစတင်သုံးစွဲခဲ့သလို ဇာတ်ခုံ အပြင်အဆင်
Lighting ပိုင်းနှင့် Sound System ပိုင်းကိုလည်း ခေတ်မီအောင်
သူလုပ်ဆောင်ခဲ့သည်။ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ဖျော်ဖြေရေးမှန်သမျှကို
အိမ်ထဲမှာတင် ကြည့်ရှု ခွင့်ရနေသောအချိန်တွင် ဇာတ်သဘင်မှာ အခက်အခဲ များနှင့်
ပိုမိုရင်ဆိုင်နေရပြီး ရေရှည်ရပ်တည် နိုင်ရန် အတွက် ပရိသတ်များအပေါ်
မေတ္တာထားပြီး ပိုမို ကြိုးစားရမည်ဖြစ်ကြောင်း သူကပြောပြသည်။
သဘင်ခြံ
ဇာတ်သဘင်လောကသားများ
လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့နှင့် အနုပညာအလုပ် များကို
စိတ်အေးချမ်းသာစွာ အနှောင့်အယှက်ကင်းကင်းနှင့် လုပ်နိုင်ဖို့
သဘင်ခြံတစ်ခုကို မင်္ဂလာဒုံ၊ ဝိုင်ယာလက် အကျော်တွင် သူအကောင်အထည်ဖော်လျက်
ရှိသလို နေပူမရှောင် မိုးရွာမရှောင် ခရီးသွားလာနေရသော ဇာတ်အဖွဲ့သား များ
အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက် သူကိုယ်တိုင်စီးရန်
ကားအကောင်းစားကြီး မရှိသော်လည်း Express ကားကောင်းကောင်းတစ်စီးကို
သူဝယ်ပေးထားသည်။
ဇာတ်ကရာ အရပ်များတွင် ဘုန်းကြီးကျောင်းနှင့်
ဇရပ်များကို တောင်းပန်ပြီး တည်းခိုခွင့်တောင်းရသော ဇာတ်အဖွဲ့သားများမှာ
လူများသည့်အတွက် အဆင် မပြေမှုတစ်ခုခု ဖြစ်လာသောအခါတွင် ဇာတ်သမားများ
စည်းကမ်းမရှိဘူး ဆိုပြီး ပြောဆိုခံခဲ့ရသည့် အဖြစ်များ ကြုံခဲ့ဖူးသည့်အတွက်
ဇာတ်သမားများ အနားယူသော အချိန်တွင် လုံခြုံစိတ်ချစွာ နားစေချင်သလို တီးလုံး
တိုက်သော အခါတွင်လည်း ကိုယ်ပိုင်နေရာတွင် စနစ် တကျ တိုက်စေချင်ပြီး
သူများအပြောအဆိုလည်း မခံစေချင် သည့်အတွက် သဘင်ခြံကို အကောင်အထည်
ဖော်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ သဘင်ခြံတွင် အကခန်းမတစ်ခု၊ အသံသွင်းခန်း၊
ဇာတ်တိုက်ရန် ဇာတ်ရုံတစ်ရုံ၊ ဘောလုံးဝါသနာပါသော သူ့အတွက် ဖူဆယ်ဘောလုံးကွင်း
အသေးလေးတစ်ခု ပါဝင်မည်ဖြစ်သည်။
သဘင်ခြံပြုလုပ်ရခြင်း
ရည်ရွယ်ချက်ကိုလည်း "ဒီခြံကို လုပ်တာက ကြီးကျယ်ချင်လို့လည်း မဟုတ်ပါ ဘူး။
ပေါ်ပြူလာ ဖြစ်ချင်လို့လည်းမဟုတ်ပါဘူး။ ကျွန်တော်
ကြုံတွေ့ခံစားခဲ့ရသလိုမျိုး ကျန်တဲ့လူတွေကို မကြုံတွေ့စေချင်လို့
ကျွန်တော်နိုင်တဲ့ ဘက်ကနေ ဝင်ထမ်းတာပါ။ သဘင်ခြံက ၆၀ ရာခိုင်နှုန်းလောက်
ပြီးနေပါပြီ။ ပြီးသွားတဲ့အခါ သဘင့်ခေါင်းစဉ်အောက်က အငြိမ့်၊ ဆိုင်း၊
မည်သည့်အဖွဲ့မဆို လွတ်လပ်စွာ လာနားလို့ ရပါတယ်။ အခကြေးငွေပေးစရာမလိုပါဘူး။
ရေဖိုး၊ မီးဖိုး ကျွန်တော် လှူပါတယ်" ဟု သူကပြောပြသည်။
ပံ့ပိုးမှုလိုတယ်
ယနေ့ခေတ်
ဇာတ်သဘင်အများစုမှာ စတိတ်ရှိုး နှင့် နှစ်ပါးသွားကိုသာ အဓိကအားပြုပြီး
ဇာတ်တော် ကြီးများ ကပြမှု နည်းပါးလာခြင်းကြောင့် “ဇာတ်သမား လာရင် မှတ်သားစရာ
ကျန်ရမယ်” ဆိုသော ဆိုရိုးစကား မှာလည်း တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်လျက်
ရှိသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဇာတ်သဘင်အများစု သည် စားဝတ်နေရေးကို
အဓိကဦးစားပေး၍ လုပ်နေရ သည့်အတွက် လိုအပ်ချက်များ ရှိနိုင်ကြောင်း သူက
ဆိုသည်။
သဘင်သည် သဘင်ပီပီသသဖြစ်ဖို့ ဆိုသည်မှာ ဇာတ်သမားချည်း
ကြိုးစား၍မရဘဲ အသိအမှတ်ပြု ထောက်ပံ့ကူညီမှု များလည်း လိုအပ်ကြောင်းကို "ခေတ်
အနေအထားအရ ကျွန်တော်တို့ ဇာတ်သမားတွေမှာ ရိုးရာယဉ်ကျေးမှုကို
ထိန်းသိမ်းနေတယ်ဆိုပြီး ဘယ်ကမှ ထောက်ပံ့ပေးတာမျိုး မရှိဘူး။ ရုပ်ရှင်နဲ့
ဂီတဘက်မှာ ကိုယ်ပိုင်အဆောက်အအုံတွေ ထည်ထည်ဝါဝါ ရှိကြပေမယ့်
ကျွန်တော်တို့သဘင်မှာ ကိုယ်ပိုင် အဆောက်အအုံတောင် မရှိဘူး။
တရုတ်ဘုံကျောင်းဘေးမှာ ကပ်နေရတာ။ သဘင်လိုဟာမျိုးက ကိုယ်ပိုင်ဇာတ်ရုံ
ရှိသင့်တာပေါ့။ ပံ့ပိုးမှုလိုအပ်သလို သဘင်သမားတွေရဲ့ စိတ်ဓာတ် တွေကိုလည်း
ပြောင်းလဲရမယ်။ သဘင်လောကတိုးတက် ဖို့က တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။
အားလုံး မှာ တာဝန်ရှိတယ်" ဟု သူကဆိုသည်။
ပွင့်လင်းမြင်သာမှုလိုတယ်
ဇာတ်သဘင်လောက
မြင့်မားတိုးတက်ဖို့အတွက် သူတတ်နိုင်သလောက် ကြိုးစားသွားမှာဖြစ်သလို
သဘင်ထု တစ်ရပ်လုံး ပါဝင်ရမည့်ကိစ္စ မျိုးတွင်မူ သဘင်လောကတွင်
ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်းကို သူက အောက်ပါအတိုင်း ဖွင့်ဟသည်။
"ဂီတနဲ့
ရုပ်ရှင်ထက်စာရင် လူအင်အား အများဆုံးက သဘင်ပါ။ ရုပ်ရှင်သမားက ရန်ကုန်နဲ့
မန္တလေးမြို့ လောက်မှာတင်ရှိတာ။ သဘင်သမားမရှိတဲ့ မြို့နယ် တစ်မြို့နယ်မှ
မရှိဘူး။ သဘင်သမား များပြီး လုပ်နိုင်တဲ့ အင်အားက နည်းနေတယ်။ သဘင်ထုအားနဲ့
သွားရမယ့် ကိစ္စတွေမှာ သဘင်ထုတစ်ရပ်လုံး ပါပြီလားဆိုတာ လုပ်နေတဲ့လူတွေ
သိကြမှာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နေရာလိုချင်လို့
အလုပ်လုပ်တာလား၊ အလုပ်လုပ်ဖို့အတွက် နေရာလိုတာလားဆိုတာ စဉ်းစားရမယ်။
အခုလိုပြောတာ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးထိခိုက် ပြီး ပြောတာမဟုတ်ပါဘူး။
သဘင်လောကတစ်ခုလုံး အတွက် ပြောတာပါ"။
Credit: (သန့်ဇင်ဦး)/ The Voice Weekly
***ဆေးရိုးသည်(နည်းပညာ)ရဲ့ဘလော့ဂ်လေးကိုအားပေးတဲ့အတွက်ကျေးဇူးပါ..ဝေဖန်အကြံပြုလိုတာများကို C-Box ဒါမှမဟုတ် Comments ပေးခဲ့ပါ..ကျေးဇူးတင်ပါတယ်***