တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G
မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက
ရောင်းချပေး ထားသည့် မိုဘိုင်းလ်ဖုန်း များတွင် ရှိသည့် အင်တာနက် စနစ်ထက်
၁ဝ ဆခန့် ပိုမို မြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per
Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ထံမှ
သိရှိရသည်။
တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမို သက်သာသည့် 2G
အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ
150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ထံမှ သိရှိရသည်။
လက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက် စနစ်ကို 512
Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေ ရသည်ကို အတိအကျ သိရှိရခြင်း
မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ
ရှိနေကြောင်း သုံးစွဲသူ များထံမှ သိရှိရသည်။
ထို့အပြင် တယ်လီနော
အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက် အခြေအနေပေါ် မူတည်၍ မကြာမီ ကာလ များတွင်
4G LTE ဆက်သွယ်ရေး စနစ်နှင့် အင်တာနက် ဝန်ဆောင်မှု များကို ထပ်မံ တိုးချဲ့
ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာ ထံမှ သိရှိရသည်။
မိုဘိုင်းလ် အင်တာနက် စနစ်ကို တာဝါတိုင်များ မှတစ်ဆင့် Microwave
စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ် ဖြင့်သာ
သုံးစွဲ နိုင်သောကြောင့် တာဝါတိုင် အချင်းချင်း ဆက်သွယ်ရန် Fiber Cable
များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင် သွားမည် ဖြစ်ပြီး Fiber Cable ဖြင့်
ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန်
မလိုအပ်ကြောင်း တယ်လီနောမြန်မာ ထံမှ သိရှိရသည်။
“2G စနစ်နဲ့ သုံးရင်
Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ ရမယ်။ 3G
စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း
လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲ နိုင်မှာပေါ့။
နောက်ပြီး ကတိပေးနိုင် တာက အင်တာနက် သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို
စိုးရိမ်နေ စရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter
Furberg က ဆိုသည်။
မိုဘိုင်းလ် အင်တာနက် စနစ် ပိုမို
ကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်မည့်
ပြည်တွင်းပြည်ပ ကုမ္ပဏီများ အနေနှင့် ကိုယ်ပိုင် အင်တာနက် လိုင်းများ
ချိတ်ဆက် သွယ်တန်း လုပ်ကိုင်လို ပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန က ကြေညာထားသည်။
“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြု ရတာတွေ
အဆင်ပြေ လာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက်
သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။
ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ
ပညာရှင် တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင် က ဆိုသည်။
source့
Info Bank Group